ပညာရေးဆိုတာ နိုင်ငံတစ်ခုရဲ့ အနာဂတ် အသီးအပွင့်တွေ ဖြစ်ပါတယ်။ ပညာရေးအားကောင်းတဲ့ နိုင်ငံတွေက ကမ္ဘာကို စိုးမိုး အုပ်ချုပ်နေတာ အားလုံး မျက်မြင်ကိုယ်တွေ့ ဖြစ်ပါလိမ့်မယ်။ စင်္ကာပူရဲ့ ဂန္ထဝင်ဝန်ကြီးချုပ် လီကွမ်ယုက “ပညာသာ တတ်ပါစေ…ပညာမတတ်တဲ့သူတွေ သူ့အလိုလို ကျွန်ခံလာလိမ့်မယ်”လို့ ပြောခဲ့တာ အားလုံး ကြားဖူးမယ်ထင်ပါတယ်။

နောက်ဆုံးတော့ ပညာတတ်တဲ့သူတွေကပဲ ထိပ်တန်းကို ရောက်ကြရတာပါ။ စင်္ကာပူလို အလွန်သေးငယ်တဲ့ နိုင်ငံလေးဟာ အခုဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးမှာ ထိပ်တန်းအဆင့် ဖြစ်နေပါပြီ။ ဒါဟာ ပညာရဲ့ အသီးအပွင့်တွေကို ခံစားနေရတာပါ။အခု အခုအဖြစ်အပျက်ကတော့ ဗီယက်နမ်နိုင်ငံက နယ်စွန်နယ်ဖျားလေးမှာ ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ ကျောင်းသားလေးတွေကို နိုင်လွန်အိတ်ကြီးထဲကို ထည့်ပြီး၊ ရေစီးသန်တဲ့မြစ်ကိုကူးကာ ကျောင်းအကြိုအပို့ လုပ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ထူးဆန်းပေမယ့် ဒီဒေသမှာတော့ မထူးဆန်းပါဘူး။

သူတို့တစ်တွေဟာ မိုးရာသီဆိုရင် ဒီနည်းနဲ့ ကျောင်းကြိုပို့လုပ်ရပါတယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကလေးတွေကို ကျောင်းရအောင်ထားမယ်ဆိုတဲ့ အဲဒီဒေသက မိဘတွေရဲ့လုပ်ရပ်ဟာ အတော်လေး ချီးကျူးဖို့ ကောင်းပါတယ်။ မိုးမဟုတ်တဲ့ ရာသီမှာ သာမန် ဝါးတံတားလေးတွ ရှိပါတယ်။ဒါပေမယ့် မိုးရာသီမှာဆိုရင် တောင်ကျချောင်းရေက အရှိန်အဟုန်နဲ့ စီးဆင်းတာဖြစ်လို့ တံတားတွေ ခံနိုင်ရည်မရှိပါဘူး။ အစိုးရဘက်ကလည်း ခိုင်မာတဲ့တံတားတစ်စင်းလောက် ဆောက်ပေးဖို့ သတိမရကြဘူးနဲ့ တူပါတယ်။ အခုတော့ သူတို့ ဒေသမှာ ဒီနည်းနဲ့ ဖြစ်သလို လုပ်နေရပါတယ်။

ကြိုပို့လုပ်သူကိုတော့ လစာသဘောမျိုး ကျောင်းသားမိဘတွေက စုပေးကြပြီး၊ သူကလည်း (၂၀)မီတာအကျယ်ရှိတဲ့ ရေစီးသန်မြစ်ကို ကူးပို့ရတာမို့ အတော်လေး စွန့်စားရပါတယ်။ ဒါပေမယ့် သူက ရေမှာတော့ ဆရာကြီးတစ်ဆူဖြစ်ပြီး၊ ကျောင်းသားမိဘတွေက သူ့ကို စိတ်ချကြပါတယ်။အိတ်ထဲမှာ ကလေးတွေအသက်ရှုလို့ရအောင် လေဟာနယ် ကျယ်ကျယ်ထားပေးပါတယ်တဲ့။ ကလေးတွေဟာ ချောင်းဟိုဘက် ကူးပြီးရင်၊ နောက်ထပ် (၁၅)ကီလိုမီတာ လမ်းလျှောက်မှ ကျောင်းကိုရောက်တာပါ။ ခရီးမိုင်အားဖြင့် (၉)မိုင်အထိ လမ်းလျှောက်ရသေးတဲ့ သဘောဖြစ်ပါတယ်။

ဒီဒေသမှာတော့ ဇွန်လကနေ အောက်တိုဘာအထိ မိုးကောင်းကောင်းရွာတတ်ပြီး၊ တောင်ကုန်းထူထပ်ရာ ဒေသဖြစ်လို့ ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ကတော့ အတော်လေးကို သာသာယာယာ ရှိပါတယ်။ ဒီသတင်းလေးနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲကြုံသည်ဖြစ်စေ ပညာရေးကို ရနိုင်သလောက် ကြိုးစားသင့်တယ်ဆိုတာ သိမြင်စေမှာပါ။

လင်းဇော်ကို

LEAVE A REPLY

Please enter your comment!
Please enter your name here