သမီးငယ်လေးဗစ်တိုးရီးယားအတွက် ဗိုလ်ကြီးဟောင်းတစ်ဦးမှ ရဲချုပ်အောင်ဝင်းဦးထံ အမှန်တရားအတွက် ပေးစာ

bn11

ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့
ကျွန်တော်လေးစားစွာဖြင့် စာရေးလိုက်ပါတယ်။ ကျွန်တော်က ရဲချုပ်ကြီး ရန်ကုန်တိုင်းစစ်ဗျူဟာတွင် ဦးစီးအရာရှိ(တတိယတန်း) တာဝန်ထမ်းဆောင်စဉ်က ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး ရန်သိမ်း၏သား ဇာနည်ရန်ဖြစ်ပါတယ်ခင်ဗျာ။

ထိုစဉ်က ကျွန်တော့်မှာ အခြေခံပညာအထက်တန်းစာမေးပွဲ အောင်မြင်ထားပြီး စစ်တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန် စောင့်ဆိုင်းနေချိန်ဖြစ်ပါတယ်။ စစ်ယူနီဖောင်းနဲ့စမတ်ကျတဲ့လူတွေ အများထဲကမှ ကျွန်တော်မျက်စိထဲစွဲနေသူထဲမှာ ဦးအောင်ဝင်းဦး၊ ရဲချုပ်ကြီးလည်းအပါအဝင်ပါပဲ။

ဒီလိုစမတ်ကျတဲ့သူတွေကို စံပြအဖြစ်ထားပြီး ကျွန်တော်လည်းစစ်တက္ကသိုလ်တက်ခဲ့ပေမယ့်ကံအကျိုးပေးနဲတာနှင့် ကျွန်တော်ကိုယ်တိုင်ညံ့တာကြောင့် ဗိုလ်ကြီးအဆင့်နဲ့ပဲ တပ်မတော်က အငြိမ်းစားယူခဲ့ရပါတယ်။

ဦးအောင်ဝင်းဦး ရဲချုပ်တာဝန်စတင်ထမ်းဆောင်သည့်အခါမှသာ ရဲချုပ်ဖြစ်နေမှန်းသိပါတယ်။ စစ်တက္ကသိုလ်ကျောင်းဆင်းချင်း၊ တပ်ခွဲတစ်ခုတည်းတူညီတာရော၊ ဦးလေးနဲ့တူသဖွယ် လက်ပွန်းတတီးနေခဲ့တာကြောင့်ပါ သံယောဇဉ်ရှိလျှက်ပါ။ ဖေဖေကလည်း ရဲချုပ်ကြီးအတွက် ဂုဏ်ယူနေပါတယ်။

ရခိုင်ပြည်နယ်ရဲစခန်းများ တိုက်ခိုက်ခံရချိန်၊ ဦးကိုနီအမှုစစ်ဆေးနေချိန်၊ မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးမှု အရှိန်မြှင့်နေချိန်တွေက တကယ်ကိုအလုပ်များပြီး စွမ်းစွမ်းတမံဆောင်ရွက်နေရလိမ့်မယ်ဆိုတာ တွေးကြည့်ယုံဖြင့် သိနိုင်ပါတယ်။

ယခုနောက်ဆုံး အားလုံးသိကြပြီဖြစ်တဲ့ သမီးငယ်လေးတစ်ယောက် ကျောင်းအတွင်းမှာပဲ အနိုင်ကျင့်စော်ကားခံရတဲ့ကိစ္စက ရှေ့ကဖြစ်စဉ်တွေထက် လူတိုင်းကိုစိတ်လှုပ်ရှားစေခဲ့ပါတယ်။ အထူးသဖြင့် မိဘတွေအားလုံးကိုပေါ့၊

ကျွန်တော်လည်း ခလေးတို့ဖခင်မို့ ဒီအဖြစ်အပျက်ကို တောက်လျောက်စောင့်ကြည့်နေခဲ့ပါတယ်။ လောကမှာရှိသမျှလူတိုင်း သားသမီးအရာနဲ့ မိဘနေရာ ဆင့်ကဲနေလာခဲ့ကြသူချည်းပါပဲ။ အနိုင်ကျင့်ခံရတဲ့သမီးငယ်လေးမိဘမဆိုနဲ့ ဘေးကကြားရတဲ့ ကျွန်တော်တို့သည်ပင် ဤလူမဆန်သောကိစ္စကို ဘယ်လိုမှခွင့်လွှတ်နိုင်စရာ မရှိပါဘူး။

bn9

တရားဥပဒေက ပိုပြီးတော့ ခွင့်လွှတ်နိုင်စရာ ရှိမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒီအမှုက အချိန်ကြာလာတာနဲ့အမျှ အလွန်ခက်ခဲပြီး ရှုပ်ထွေးနေလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ ဒါပေမယ့် စီအိုင်ဒီရဲမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲချုပ်ကြီးအတွက် ရဲလုပ်ထုံးလုပ်နည်းတွေကိုစနစ်တကျဆောင်ရွက်ခိုင်းလိမ့်မယ်ဆိုတာ သံသယဝင်စရာမလိုပါဘူး။

ဒီအမှုမှာ တရားခံဘယ်သူဝါဆိုတာ တရားရုံးကအမိန့်မချမချင်း အားလုံးက ရင်တမမနဲ့ ဖြစ်ရလောက်အောင် အမျိုးမျိုးမြင်ရ၊ ကြားနေရပါတယ်။ တရားရုံးက မှန်ကန်တဲ့ဆုံးဖြတ်ချက်မချခင် တရားရုံးထံ တရားစွဲဆိုတင်ပို့မယ့် ဥပဒေဘက်တော်သား ရဲတပ်ဖွဲ့ဝင်များကလည်း တကယ့်တရားခံအစစ်အမှန်ကိုသာ တရားစွဲဆိုတင်ပို့လိမ့်မယ်လို့ ကျွန်တော်တို့မိဘများက ယုံကြည်နေပါတယ်။

အဲဒီတရားခံအစစ်အမှန်ကိုသာ တရားစွဲဆိုပြီး လွတ်လမ်းမရှိအောင် ပြစ်ဒဏ်ပေးနိုင်ပါမှ တနိုင်ငံလုံးကမိဘတွေ စိတ်အေးနိုင်မှာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူသာမက ပြစ်မှုကျူးလွန်ရာတွင် တနည်းနည်းဖြင့်ပါဝင်ပတ်သက်သူများကိုလည်း ထိရောက်တဲ့ပြစ်ဒဏ်တွေ ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

တကယ်တော့ ဒီဖြစ်စဉ်မှာ သမီးငယ်လေးရဲ့မိဘက မိဘအစစ်နှစ်ယောက်တည်း မဟုတ်တော့ပါဘူး၊ တနိုင်ငံလုံးက အကြင်နာနှလုံးသားပိုင်ရှင် မိဘအားလုံးက အဲဒီသမီးလေးမိဘအဖြစ် ရှိနေကြပါပြီ။

ရဲချုပ်ကြီး ခင်ဗျာ
မပြောကောင်းမဆိုကောင်း ရဲတပ်ဖွဲ့ကတရားစွဲဆိုတင်ပို့သူသည် တရားခံအစစ်မဟုတ်ခဲ့ပါက တရားရုံးကသက်သေခိုင်လုံလျင် ပြစ်ဒဏ်ချမည်၊ သက်သေမခိုင်လုံက ပြန်လွှတ်ခြင်းများဖြစ်ခဲ့လျင် တရားခံအစစ်မှာ လုံးဝလွတ်မြောက်သွားဖွယ်ရာရှိပါသည်။

ကျူးလွန်သူအစစ်မှာ ယခုလိုနိူင်ငံကျော်အမှုမှ လွတ်သွားပြီဆိုက နောင်တချိန်ထပ်မံ ပြစ်မှုကျူးလွန်ရန် ဝန်လေးတော့မည်မဟုတ်ပေ။ ထိုထက်ပို၍ကား ရဲတပ်ဖွဲ့က ကျူးလွန်သူအစစ်အမှန်ကို မဖမ်းနိုင်ဘဲ ရဲတပ်ဖွဲ့မဟုတ်သူများကသာ ကျူးလွန်သူအစစ်အမှန်ကို ဖော်ထုတ်နိုင်ခဲ့ပါက ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာ မည်သို့ရှိလိမ့်မည်နည်း။

bn11

လူအများကရဲတပ်ဖွဲ့အပေါ်ယုံကြည်ကိုးစားမှုသည် ယခုဖြစ်စဉ်ကိုကြည့်ပြီး အပေါင်း၊ အနှုတ်ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ အကယ်၍များ အမှုသွားအမှုလာအရ တရားစွဲဆိုခြင်း၊ တရားစီရင်ခြင်းများကို ပြည်သူအများစုက အယုံအကြည်မဲ့သွားပါက

နောင်မဝေးတော့သောကာလတွင် လက်စားချေခြင်း၊ ဓားကိုဓားချင်း၊ သေနတ်ကိုသေနတ်ချင်း၊ ဟန်မူရာဘီကိုယ်ဓဥပဒေမျိုး ဖြစ်လာနိုင်စရာရှိသဖြင့် စိုးရိမ်မိပါသည်။ ဤသို့သောကိစ္စတွင် လူတို့၏ယုံကြည်မှု၊

ရဲတပ်ဖွဲ့အပေါ်အားကိုးရမှုကို ပိုင်ပိုင်နိုင်နိုင်ရယူနိုင်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာ အကြီးအကျယ်မြင့်တက်သွားလိမ့်မည် ဖြစ်ပါသည်။ ဥပဒေဘက်တော်သားများ၏ အမှန်တရားအတွက် မဆုတ်မနစ်ကြိုးစားအားထုတ်မှုနှင့် ဖြောင့်မှန်သောတရားစီရင်ရေးစနစ်ကို သမီးငယ်လေးအတွက် ယူဆောင်ပေးဖို့ ဦးအောင်ဝင်းဦး၊ ရဲချုပ်ကြီးနှင့်တကွ တာဝန်ထမ်းဆောင်နေသူအားလုံးကို လေးလေးနက်နက် တောင်းဆိုပါရစေ။

လေးစားစွာဖြင့်
ဇာနည်ရန်သိမ်း

Credit to Original Poster